မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာ၊ အခြေခံပညာမူလတန်း ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်း ဖောင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဉီးအောင်မိုးက ကျောင်းလိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဉီးစိုင်းရွက်က စုံညီပွဲတော်ကျင်းပခြင်းအပေါ် ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် (A)အဆင့်ဖြင့်အောင်မြင်သော စတုတ္ထတန်းမှ KG တန်း အထိ ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းတက်မှန်ကန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာရိတ္တနှင့် ဇွဲဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာအထက်တန်းကျောင်း(မိုင်းခုတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးသူများအား ကျောင်းအုပ်ဆရာကြီး ဉီးအောင်မိုးက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားတက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)