ဝိုင်းမော် ဇန်နဝါရီ ၁၁
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ နီးကူဒေကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း(ခွဲ)မှ မူလတန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁နာရီက အဆိုပါကျောင်းမုခ်ဦးတွင် ကျင်းပပြုလုပ်ရာ မြစ်ကြီးနားခရိုင် ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌ ဦးနောယောဟန်တို့မှ ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အစီအစဉ် ဒုတိယပိုင်းအား ယာယီ မဏ္ဍပ်တွင် ဆက်လက်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” တေးသီချင်းအား သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြစ်ကြီးနားခရိုင် ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲအောင်မှ ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ချက်များနှင့် ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခြင်းကြောင့် ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် ကျေးရွာမှကွားဝေးသည့် ကျောင်းများသို့ သွားရောက်ရန် မလိုအပ်ပဲ မိမိကျေးရွာ၌ မူလတန်းအဆင့်အထိ ကျောင်းပညာများအား ဆက်လက်သင်ယူ နိုင်မည် ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စိမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းမှ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ် ပေးခြင်းအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/သူလေးများမှ “ပြည်မြန်မာ”တေးသီချင်းအား သီဆိုဖျော်ဖြေကပြကြပြီး ကျောင်းအကျိုးတော်ဆောင် ဦးနောယောဟန်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ နီးကူဒေကျေးရွာမှ လီဆူတိုင်းရင်းသား/သူလေးများက လီဆူတိုင်းရင်းသား ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ကပြကြရာ အခြေခံပညာအထက်တန်းကျောင်း (စန်းကား)မှ ကျောင်းသား/သူ များက “လက်ပန်ပွင့်ကောက်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ခရိုင်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဝိုင်းမော်မြို့နယ်ပညာရေးမှူး ဦးသန်းအောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကျေးရွာနေပြည်သူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ကြောင်း သတင်းရရှိသည်။
ဖြူစင်