တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို  တိုင်းဒေသကြီး တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

မြိတ်   ဇန်နဝါရီ   ၁၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အထက (၁)မြိတ် ပညာ့ဗိမာန်ခန်းမ တွင် ကျင်းပသည့် (၂၀၂၃)ခုနှစ် တိုင်းဒေသကြီး တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးကြီးတဲ့ အရင်းအနှီးသည် ပညာရေးဖြစ်ကြောင်း၊ ပညာသည် မကုန်ခမ်းနိုင်သော အရင်းအမြစ်ဖြစ်သည့် အတွက် ပညာရေးအဆင့် အတန်းမြင့်မားအောင် နိုင်ငံတော်အနေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီ ပြောင်းလဲရေးဆွဲခြင်း၊ အရည်အသွေးမြင့်မားသော ပညာရေးဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊  တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ ယခင်နှစ်ကထက် အောင်ချက် ပိုမိုမြင့်မားစေရေးအတွက်  အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲသည် တန်ဘိုးကြီးမားကြောင်း၊ လူငယ်လူရွယ်ကျောင်းသား/သူများသည် နောင်အနာ ဂတ်တွင် လက်လွှဲတာဝန် ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှရရှိသော တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းများကို မိမိတပည့် ကျောင်းသား/သူများအား ထိရောက်စွာ ပြန်လည်သင်ကြားပို့ချပေးကြပါ၊ ကျောင်းသား/သူများအချင်းချင်း ပူးပေါင်း ဆောင်ရွက် ကူညီလိုစိတ်များ ပြုစုပျိုးထောင် ကြပ်မတ်ပေးကြပါ၊ အဆင့်မြင့်သော တွေးခေါ်စွမ်းရည်များ တီထွင်ကြံဆထိုးထွင်း သိမြင်တတ်သိ အလေ့အကျင့်ကောင်းများရရှိပြီး ဘဝတွင် အသုံးချနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးကြပါ။ တက္ကသိုလ်ဝင်တန်း အောင်ချက်အနေဖြင့် ဆွေးနွေးပွဲရလဒ်ကောင်းများကို အခြေခံ၍ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားအားထုတ် ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်ရေးအတွက် ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  သင်ကြားပို့ချပေးမည့် တက္ကသိုလ်မှ ဆရာ/မများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြ၍ ဘာသာရပ် အလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းနောက် မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားသည်။

အလုပ်ရုံ ဆွေးနွေးပွဲကို တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား/သူများ ယခင်နှစ်ကထက် ပိုမိုအောင်မြင် စေရန်၊ ဘာသာစုံဂုဏ်ထူးရရှိသူဦးရေ  ပိုမိုပေါ်ထွန်းလာစေရန်၊ အောင်မြင်သူများ အရေအတွက်သာမက အရည်အသွေးရှိသူများ ယခင်နှစ်ထက် ပိုမိုတိုးတက်လာစေရန်နှင့် ပညာရေးဖြင့် တနင်္သာရီတိုင်းဒေသကြီး၏ ဂုဏ်ကို မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ(၁၁)ရက်မှ (၁၂) ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြိတ်မြို့နယ်မှ(၁၀၂)ဦး၊ ကျွန်းစုမြို့နယ်မှ(၉)ဦး၊ ပုလောမြို့နယ်မှ(၉)ဦး၊ တနင်္သာရီ မြို့နယ်မှ (၉)ဦး၊ ကော့သောင်းမြို့နယ်မှ(၉)ဦးနှင့် ဘုတ်ပြင်းမြို့နယ်မှ(၉)ဦး စုစုပေါင်း(၁၄၇)ဦး တက်ရောက်ကြပြီး နည်းပြများအဖြစ် မြိတ်တက္ကသိုလ်မှ ဆရာ/မ (၁၀)ဦးမှ  ဆွေးနွေးပို့ချ သွားမည်ဖြစ်ကြောင်း၊  တနင်္သာရီတိုင်းဒေသကြီး (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် (၄၅.၉၅)ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ(၄၂၇၈)ဦး ဝင်ရောက်ဖြေဆို ကြမည်ဖြစ်ပြီး စာစစ်ဌာန(၁၉)ခုဖြင့် စာမေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )