ခရမ်းမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 ခရမ်း ဇန်နဝါရီလ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းယနေ့နံနက် (၈) နာရီအချိန်က မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ အရန်မီးသတ်၊ ကြက်​ခြေနီ၊ စေတနာ့ဝန်ထမ်း၊ လူမှုရေးအဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များမှ အိမ်ထောင်စုစာရင်းများ မှန်ကန်စေရေးအတွက် သတ်မှတ်စာရင်းပုံစံများဖြင့် ကောက်ယူလျက်ရှိကြောင်းနှင့် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကောက်ကွက်များအားလုံးအား တစ်ပြိုင်နက်တည်း ဆက်လက်၍ စာရင်းများကောက်ယူ သွားမည်ဖြစ်ပြီး ကွင်းဆင်းကောက်ယူနေမှု့များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန့်နှင့် ဝန်ထမ်းများက လှည့်လယ်ကြည့်ရှု၍ လိုအပ်ချက်များ အား ဖြည့်စီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)