အမရပူရ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊တမုတ်ဆိုးကျေးရွာအုပ်စု၊ တမုတ်ဆိုး ကျေးရွာကွင်းအမှတ်(၅၇၀-ခ)ရှိ နွေးစပါးစိုက်ပျိုးမည့် လယ်ဧကများအတွင်း အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး ဦးစီးဌာနက ပိုက်ဆံလျော်မျိုးစေ့ပေးအပ်ခြင်းနှင့်လယ်မြေအတွင်း ပိုက်ဆံလျော်ကျဲပက်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၉နာရီအချိန်ကအဆိုပါ ကွင်းရှင်းလင်းဆောင်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းကတောင်သူများအနေဖြင့် စပါးပြီး စပါးစိုက်ပျိုးရာတွင် လယ်မြေများမြေသြဇာဓာတ်လျော့နည်းလာသည့်အတွက် လျော့နည်းသွားသည့် မြေသြဇာဓာတ်ပြန်လည်ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ယခုလိုသစ်စိမ်း မြေသြဇာ(ပိုက်ဆံလျော်)မျိုးစေ့များထောက်ပံခြင်း၊ လယ်မြေများအတွင်း ကျဲပက်ခြင်းများကို ဆောင်ရွက်ပေးတဲ့အတွက် အထူးကျေးဇူးတင်ဝမ်းမြောက်ကြောင်း မိမိတို့ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် တောင်သူများ၏ အခက်အခဲများကိုတတ်စွမ်းသ၍ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တောင်သူများနှင့် ယခုလိုရင်းရင်းနှီးနှီးတွေ့ဆုံရသည့်အတွက် ဝမ်းသာကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တောင်သူများထံသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျော်)မျိုးစေ့ထုပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊အဖွဲ့ဝင်၁ ဒုတိယဗိုလ်မှူးကြီးဝင်းကို၊ အဖွဲ့ဝင်၂ဦးစိုးဝင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ အောင်မြေသာဇံခရိုင် ဦးစီးမှူးဦးရဲမင်းသောင်း၊အမရပူရမြို့နယ်ဦးစီးမှူးဒေါက်တာဒေါ်မိုးဆွေရည်တို့ကပေးအပ်ခဲ့သည်။ ယင်းနောက်နွေစပါး စိုက်ပျိုးမည့်ကွင်းအမှတ် (၅၇၀-ခ)ရှိလယ်မြေအတွင်း သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်)များ ကိုကျဲပတ်စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။
စိုးသီဟ(အမရ)