တံတား ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် တံတားမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆု ပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် စုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က တံတားမြို့အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တံတားမြို့အခြေခံပညာကျောင်းမှ အလယ်တန်းကျောင်းသား ကျောင်းသူများက (ရွှေမြန်မာ၏မျိုးဆက်သစ်များ) သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းနှင့် ပညာရည်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ဆွေတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် တံတားမြို့ အခြေခံပညာကျောင်းမှ ကျောင်းသား ကျောင်းသူများအား လူရည်ချွန်နှင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်၊ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသားကျောင်းသူများအားလည်ကောင်း၊ မြို့နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ စာစီစာကုံးဆုရ ကျောင်းသားကျောင်းသူ များအားလည်းကောင်း၊ မြို့နယ်အဆင့် အားကစားဆုရသူများအားလည်းကောင်း တာဝန်ရှိဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ မြို့ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (တံတား)