ကွတ်ခိုင် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ကာယ၊ ဉာဏ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီ အချိန်က အ.ထ.က(ခွဲ)၊ အ.လ.က(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားကို အ.ထ.က(ခွဲ)၊အ.လ.က(၂) ကျောင်းသား/ကျောင်းသူလေးများမှ" ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ကွတ်ခိုင်မြို့နယ် အလက-မိုင်းယု ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးမှ “အောင်ပါစေ” သီချင်းဖြင် ကပြဖျော်ဖြေခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဦးဆလှိုင်းအောင်မင်းမှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်တို့တွင် စာပေဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့်၊ပြည်နယ်အဆင့်တို့တွင် အားကစားဆုများ ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ကွတ်ခိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများချီးမြှင့်ကာ၊ ကွတ်ခိုင်မြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပညာရေးစုံညီပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) (ကွတ်ခိုင်)မှ ဗိုလ်မှူးကြီး သိန်းအောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ခရိုင်/မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား မိဘများက လာရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး(ကွတ်ခိုင်)