ပင်လောင်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မြောက် ထီဗွာကျေးရွာအုပ်စု၊ တကူမို့ကျေးရွာ ကွင်းအမှတ်-၄၊ ဦးပိုင်၄၆/၁ရှိ တောင်သူဦးသန်းကျော်၏ မိုးနေကြာတောင်သူပညာပေးစံပြကွက် ၁.၀၀ ဧကတွင် စိုက်ပျိုးထားသည့် မိုးနေကြာစိုက်ခင်းအား အထွက်နှုန်းခန့်မှန်းထွက်ရှိမှုသိနိုင်ရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ စံကွက်ရိတ်သိမ်းမှုကို ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
စံကွက်ရိတ်သိမ်းရာတွင် သီးနှံအစိုအထွက်နှုန်း ပျမ်းမျှ ၄၆.၇၉ တင်း၊ သီးနှံအခြောက်အထွက်နှုန်းပျှမ်းမျှ ၄၂.၇၄ တင်းထွက်ရှိကြောင်း သိရပြီး စံကွက်အထွက်နှုန်းနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များအား လာရောက်ကြည့်ရှုလေ့လာကြသော စိုက်ပျိုးရေးတောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နေကြာဆီအားစားသုံးခြင်းဖြင့် စျေးနှုန်းသက်သာခြင်း၊ ကျန်းမာရေးအတွက် အထောက်အကူပြုခြင်းတို့ကြောင့် ဆီထွက်နေကြာစိုက်ပျိုးရန် ရာသီဥတုနှင့်ကိုက်ညီသည့် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ပင်လောင်းမြို့နယ်အတွင်း ဆီထွက်နေကြာ မိုးသီးနှံအားဧက ငါးရာကျော် စိုက်ပျိုးခဲ့ပြီး၊ ဆောင်းသီးနှံအားစိုက်ဧက (၅၃၇)ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့သည်။ တောင်သူများက တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် စိတ်အားထက်သန်မှုကြောင့် လျာထားဧကထက် ပိုမိုစိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)