ဗန်းမော်ခရိုင် ဌာနပေါင်းစုံအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ဗန်းမော် ဇန်နဝါရီ ၁၁

ဗန်းမော်ခရိုင် ဌာနပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဗန်းမော်ခရိုင် ပြည်သူ့အားကစားပြိုင်ကွင်းတွင်  ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ထွေ/အုပ်အသင်းနှင့် ပြည်ထဲရေးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးအသင်းက ထွေအုပ်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ပထမဒိုင်းဆုကို ရရှိသွားသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းများအား ဆုဖလား၊ ဆုငွေနှင့်လည်ဆွဲပြားများကိုလည်းကောင်း၊ ပွဲစဉ်အတွင်းနေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများ၊ ဒိုင်များနှင့် ကျန်းမာရေးစောင့်ရှောက်ပေးသည့် အဖွဲ့များကိုဂုဏ်ပြု လက်ဆောင်နှင့် ဆုငွေများကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ ပထမဆုရရှိသည့် ပြည်ထဲရေးအသင်းအား ဆုဖလားနှင့်ဆုငွေ၊ လည်ဆွဲများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။

ဗန်းမော်ခရိုင် ဌာနပေါင်းစုံအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲကို (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် (၁၇.၁၂.၂၀၂၂) ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗန်းမော်ခရိုင်အတွင်းရှိ ဌာနပေါင်းစုံမှအသင်း (၉) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)