ကျောက်ဆည် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီ(ခွဲ)က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော် သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က ယနေ့အခမ်းအနားတွင် ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သဖြင့် ဆက်လက်ကြိုးစားကြစေလိုကြောင်း အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွှန့်ဝင်းနှင့်အတူ ၂၀၂၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် (၆)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသားမောင်အောင်ဖြိုးသူနှင့် လူရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး၂၀၂၂-၂၀၂၃ပညာသင်နှစ် Grade-6 မှ Grade-9 အတန်းများတွင် ဘာသာရပ်အလိုက် ထူးချွန်သူများ၊ ကျောင်းတတ်မှန်သည့် ဆရာ/ဆရာမများနှင့် (၇၅) နှစ်မြောက် အာဇာနည်နေ့၊ ကမ္ဘာ့ဆရာများနေ့၊ ကမ္ဘာ့ခရီးသွားနှစ်၊ နိုင်ငံတကာ ပန်းချီပြိုင်ပွဲ၊ ကျောင်းကျန်းမာရေးသတင်းပတ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ (၁၀၁)နှစ်မြောက်အမျိုးသားနေ့၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ နံရံကပ်ပိုစတာ၊ ကျပန်း ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်ခင်မာလာ၊ (အ.ထ.က-၁) ကျောင်းအုပ်ကြီး ဒေါ်ညိုအေးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသူများအား (အ.ထ.က-၁)ကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက “မင်္ဂလာပါ”သီချင်း၊ “ပန်းများဝေဖြာ အ.ထ.က-၁ ကျောင်းတော်မဟာ၊ “လောကအားမာန်” သီချင်း၊ “စကားဝါမြေ”သီချင်း၊ “ကုမုဒ္ဒြာ” သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
တင်တင်ထွေး