သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများနှင့် ရွာမွန်သာကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

သာစည် ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး    မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ရွာမွန်သာကျေးရွာ ဒေသခံပြည်သူများ ယမန်နေ့  နံနက် ၁၀  နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားရာတွင် ကွင်းဆင်းဆောင်ရွက်ရခြင်းအကြောင်း၊ ဒေသခံပြည်သူများက မိမိတို့ဒေသရှိအခက်အခဲများ တင်ပြဆွေးနွေးကြရန်နှင့် တင်ပြဆွေးနွေးရာတွင် အများအကျိုးရှိစေမည့် ကိစ္စရပ်များအား ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးတေဇာမြင့်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဒေသခံပြည်သူများ၏ တင်ပြချက်များကို ကွင်းဆင်းကြည့်ရှုပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်

မြို့နယ်(ပြန်/ဆက်)