တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် သုတေသန စာတမ်းဖတ်ပွဲ တက်ရောက်ဂုဏ်ပြု

မြိတ်   ဇန်နဝါရီ   ၁၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

ရှေးဦးစွာ တက္ကသိုလ်နှစ်ပတ်လည် အခမ်းအနားအား ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့မှ ဂုဏ်ပြုချီတက်ခဲ့ကြ၍ တက္ကသိုလ်အနုပညာအသင်းမှ “ ဖိတ်လျက် ကြိုနေ မြိတ်တက္ကသိုလ်မြေ ”  တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဝန်ကြီးချုပ်က မြိတ်တက္ကသိုလ်သည် သင်ကြားရေးဌာန (၁၅)ခုနဲ့ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး (၂၄) နှစ်တာကာလအတွင်းမှာ ဘွဲ့ကြိုကျောင်းသားဦးရေ (၁၀၁၅၉)ဦးနဲ့ ဘွဲ့လွန် ကျောင်းသားဦးရေ (၃၅၀)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဒါ့အပြင် တိုင်းဒေသကြီး တစ်ခုမှာ မဖြစ်မနေ အသုံးချဘာသာရပ်တစ်ခုအနေနဲ့ ဘွဲ့တစ်ခုပေးနိုင်ရန် ရည်ရွယ်ပြီး BSc (Aquaculture) ရေသတ္တဝါမွေးမြူရေး နည်းပညာ ဘာသာရပ်ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့၍ ဒေသလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ရေသတ္တဝါမွေးမြူရေး နည်းပညာ သင်ရိုးကိုရေးဆွဲပြီး ဘွဲ့တစ်ခုအဖြစ် အပ်နှင်းပေးနိုင်တော့မှာလည်း ဖြစ်တဲ့အတွက် မြိတ်တက္ကသိုလ်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ စွမ်းဆောင်ချက်တစ်ရပ်အဖြစ်လည်း တွေ့မြင်ရကြောင်း၊  

မြိတ်တက္ကသိုလ်သည် ပညာရေးကဏ္ဍအနေနဲ့ အခြားညီနောင် တက္ကသိုလ်များထက် နိုင်ငံတကာ တက္ကသိုလ်များနဲ့ MoU ရေးထိုးပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိနေခြင်းပဲဖြစ်ကြောင်း၊ ခေတ်ကို မျက်ခြေမပြတ်စေဘဲ မြန်မာ့ပညာရေး မျှော်မှန်းချက်ဖြစ်တဲ့ မျက်မှောက်ကာလ ဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်ဆိုတဲ့ ပညာရေးဆောင်ပုဒ်နဲ့အညီ မြိတ်တက္ကသိုလ်က အကောင် အထည်ဖော်ဆောင်ရွက်နေသည်ကို တွေ့မြင်ရကြောင်း၊ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး တက္ကသိုလ်ကြီး ဒီထက်ပိုပြီး အစဉ်ထာဝရ တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်နိုင်ဖို့လည်း ဝိုင်းဝန်းကြိုးပမ်း ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက နုတ်ခွန်းဆက် ကျေးဇူးတင်စကားပြောကြားပြီး ဒုပါမောက္ခချုပ် ဒေါက်တာ စိုးမိုးလွင်က တက္ကသိုလ်၏ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား၍ ဒေသခံ ဒေါ်တင်တင်ထွေးက နှစ်ပတ်လည်ဂုဏ်ပြု စကားပြောကြားသည်။ ယင်းနောက် မြိတ်တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်နှစ်ပတ်လည် အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ၏ တိုင်းရင်းသားအစားအစာ အရောင်းဆိုင်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တက္ကသိုလ်ကျောင်းသား/သူများ၏ အနုပညာ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ် နှစ်ပတ်လည် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအား တက်ရောက်အားပေးခဲ့ကြသည်။

စာတမ်းဖတ်ပွဲတွင် ပါမောက္ခချုပ်က မြိတ်တက္ကသိုလ်၏ သုတေသနဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ဒုပါမောက္ခချုပ် ဒေါက်တာ စိုးမိုးလွင် ပါ စာတမ်းရှင် တက္ကသိုလ် ဆရာ/မ (၁၁)ဦးတို့က သုတေသန စာတမ်း(၁၁)စောင်ကို တင်သွင်းဖတ်ကြားကြမည်ဖြစ်ပြီး သုတေသနစာတမ်းများကို ဇန်နဝါရီ(၁၀)ရက်မှ(၁၁) ရက်အထိ တင်သွင်းဖတ်ကြားကြမည်ဖြစ်ကြောင်း  သိရသည်။

ခိုင်ထူး (  ပြန်/ဆက် )