မြင်းခြံ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက (၁) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကို ယနေ့ နံနက် (၉) နာရီ အချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အလယ်တန်း ကျောင်းသား/သူများက “ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် သီဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အထက(၁) ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်လတ်က ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွင်း မြို့နယ်အဆင့်နှင့် ကျောင်းတွင်းပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများအပြင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူ မသင်းသင်းကြူဇော်အား ဂုဏ်ပြု ဆုများကို ခရိုင် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်လင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လတ်၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၊ ဆရာ၊ဆရာမများက ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ အကများဖြင့် သီဆို ဧည့်ခံဖျော်ဖြေခဲ့ကြပြီး Grade-6 ကျောင်းသား၊ ကျောင်းသူက “နှလုံးသားကို အလှဆင်မယ်” သီချင်းဖြင့် ဧည့်ခဲ့ဖျော်ဖြေ ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)