လိပ်သို ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ သက်ရှည်ကျန်းမာစေဖို့ လမ်းလျှောက်ကြပါစို့ ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီ အချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လမ်းလျှောက်ခြင်းကို နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး လမ်းလျှောက် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါက သွေးလည်ပတ်မှုကို မှန်ကန်စေပြီး ယခုလို ဆောင်းရာသီကာလ၌ စောစော ထကာ သင့်ကျန်းမာရေးအတွင် ပို၍ လမ်းလျှောက်သင့်ပါကြောင်း၊ ကျန်းမာစွာ နေထိုင်ဖို့ လူတိုင်း လိုက်နာသင့်သောအချက်များ၊ ဆေးဝါးမလိုသော ကျန်းမာရေး လမ်းညွှန်မှုများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးအတွက် လမ်းလျှောက်ကြပါစို့ အသိပညာပေး နံရံကပ်စာစောင်ပြသထားရာ လမ်း လျှောက်ခြင်းသည် နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ကုသရာတွင်လည်း အထောက်အကူ ပြုကြောင်း၊ တစ်ရက်မိနစ် ၃၀ ခန့် လမ်းလျှောက်လျှင် နှလုံးကြွက်သားသန်မာစေပြီး အသက်ရှည်စေကြောင်း၊ ကျန်းမာလိုလျှင်လမ်းလျှောက်ပါ၊ စိတ်ဖိစီးမှု လျော့ကျစေဖို့ နည်းလမ်းကောင်းများ စသည့် အသိပညာပေး နံရံကပ်စာစောင်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်လေးများ အသိပညာ ဗဟုသုတ ရရှိပြီး စုပေါင်းလမ်းလျှောက်ခြင်းသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုကို ရရှိစေကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)