မဟာအောင်မြေ ဇန်နဝါရီ ၁၁
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားအား “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်အောင်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်/မြို့နယ်/ကျောင်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများနှင့် လူရည်ချွန်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ကျောင်းသားအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များက ဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပါဝင်လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ကျောင်းအုပ်ရောမကြီး ဒေါ်နွယ်နွယ်အောင်နှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။
အောင်ဇော်မင်း