တာချီလိတ် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန် ဆုပေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အထက (တာချီလိတ်) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေဦးစွာ အထက(တာချီလိတ်) ကျောင်းသား/ကျောင်းသူလေးများက “စုံညီပွဲတော် ဒို့နွဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး၊ တာချီလိတ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားကာ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းက ပညာရေး စုံညီပွဲတော်ကျင်းပရခြင်းနှင့် မြို့နယ်အဆင့်ကျောင်းပေါင်းစုံမှ ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်မည့်အကြောင်းတို့ကို ရှင်းလင်းပြောကြား၍ ပညာရေးဌာနမှ ဆရာ/ဆရာမများက “နှလုံးသားကို အလှဆင်ပါ" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တာချီလိတ်မြို့နယ်တက္ကသိုလ်ဝင်တန်း အောင်ချက် အကောင်းဆုံး ပထမဆုရ ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများ၊ နေ့ကြီးရက်ကြီးအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပညာရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၃၀)ကျောင်းရှိပြီး ကျောင်းသား/ ကျောင်းသူ (၂၅၃၉၉)ဦး ပညာသင်ကြား လျက်ရှိကြောင်းနှင့် ယနေ့အခမ်းအနားတွင် ထူးချွန်ဆု (၉၁)ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှသိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)