ကလော ဇန်နဝါရီ ၁၁
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သခင်ကိုယ်တော်မှိုင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စကားဝိုင်းတွင် အထက်တန်းပြဆရာမ ဒေါ်လဲ့လဲ့ဆွေက အသိပညာဗဟုသုတတိုးပွား ရေးအတွက် လူငယ်စကားဝိုင်းထဲမှ ဆွေးနွေးချက်များကို သေချာမှတ်သား၍ လိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူဖြစ်စေကြောင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာသင်ကျောင်းမှ ပညာရပ်များအပြင် ဘဝတိုးတက်ရေးအတွက် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှု၍ အတွေးအခေါ် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘဝခွန်အားဖြစ်သည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ သင်ယူရင်းလေ့ကျင့်၊ လေ့ကျင့်သင်ယူခြင်းဖြင့် အစဉ်လေ့ကျင့်သင်ယူ ကြိုးစားတတ်စေရန်၊ သိမ်မွေ့ချိုသာစွာ ပြောဆိုဆက်ဆံတတ်ပြီး ပေါင်းသင်ဆက်ဆံတတ်သော လူငယ်လူရွယ်များဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရာ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၊ Gread-10 မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မဖြိုးအိခိုင် က လူငယ်နှင့်ပညာရေး၊ ကျောင်းသူ မဟန်နွေစိုးက လူငယ်နှင့် အားကစား၊ ကျောင်းသား မောင်ကျော်မင်းခန့်က လူငယ်နှင့်စာရိတ္တ၊ ကျောင်းသား မောင်ဇော်ဝဏ္ဏထူးက လူငယ်နှင့်စာပေ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးရှင်းလင်း ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းနှင့် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)