ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆွေးနွေး ဆောင်ရွက်

ညောင်ဦး  ဇန်နဝါရီ  ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇန်နဝါရီ ၁၁ ရက်၊ ယမန်နေ့ နေ့လယ် ၁နာရီခွဲအချိန်က ညောင်ဦးမြို့နယ် ၊ပလင်း ကျေးရွာအုပ်စု၊ အနောက်ပုလင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးကြရာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနန်းတင့်မှ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့အား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေသခံပြည်သူများမှ လိုအပ်ချက်များ တင်ပြတောင်းခံရန် ဆွေးနွေးခဲ့ပြီး၊ မြို့နယ်ကော်မရှင်အတွင်းရေးမှူး ဦးကျော်မြင့်အောင်မှ ရွေးကောက်ပွဲ (PR) စနစ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ၊မြို့ နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး အောင်မင်းက နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး မှုခင်းဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေအကြောင်းအရာများ ဆွေးနွေးဟောပြောကြပြီး ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ  ပန်းခင်း (၂)စီမံချက်ဖြင့် အိမ်ထောင်စုဇယာများ ပြုလုပ်ပေးခြင်းနှင့် မှတ်ပုံတင်များ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး စစ်ကြောင်းစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အနောက်ပုလင်းကျေး ရွာသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ