မူဆယ်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်

မူဆယ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးတို့ကို တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ရပ်ကွက်မြေပြင် ကွင်းဆင်းလူဦးစာရင်း ကောက်ယူရေးအဖွဲ့များဖြစ်ကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ ရာအိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများမှ လူဦးရေစာရင်းကောက်ယူမည့် သတ်မှတ်စာရင်းပုံစံများဖြင့် မြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်စုများကို တစ်အိမ်တက်ဆင်း လိုက်လံစာရင်း ကောက်ယူလျက်ရှိပါသည်။

အဆိုပါ မြေပြင်စာရင်း ကွင်းဆင်းကောက်ယူမှုအခြေအနေအား မူဆယ်ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့်တကွ မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်လင်း၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စာရင်းကောက်ယူရာတွင် စာရင်းဇယား၊ ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပါသည်။ ထိုသို့ကောက်ယူ စစ်ဆေးခြင်းကို ယခုဇန်နဝါရီလ(၉)ရက်နေ့မှ စတင်ကာ လကုန်(၃၁)ရက်နေ့အထိ သတ်မှတ်ထားသော ညွှန်ကြားချက်နှင့်အညီ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း အပြီးကောက်ယူသွားမည်ဖြစ်ကြောင်းသိရှိရပြီး ကောက်ယူရေးကို လွယ်ကူလျှင်မြန်စေရန် ပြည်သူများမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အယ်လ်စိုး(မူဆယ်)