ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  ကြည့်ရှုစစ်ဆေး

ဘားအံ ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်နှင့် ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့နယ် အမှတ်(၆)နှင့် အမှတ်(၇) ရပ်ကွက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ကရင်ပြည်နယ်အတွင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ အခြေခံမဲ ဆန္ဒရှင်စာရင်းနှင့် မဲစာရင်းရလဒ်များ မှန်ကန်စေရေးအတွက် အဆင့်(၅)ဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆင့်(၁)နှင့်(၂)ကို ပြည်နယ်အတွင်း ဆောင်ရွက်ပြီးဖြစ်သည့်အတွက် အဆင့်(၃)အနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ရှိ လူဦးရေ အချက်အလက်များနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ကာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်လုံးတွင် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

ပြည်နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များကို တစ်ဖွဲ့လျှင် ၅ ဦးနှုန်းဖြင့် စာရင်းကောက်ယူရေးအဖွဲ့ ၇၁၂ ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး သင်တန်းများ အဆင့်ဆင့် ပို့ချပေးခဲ့ကာ စာရင်းကောက်တစ်ဖွဲ့တစ်ရက်လျှင် အနည်းဆုံး အိမ်ထောင်စု ၂၅ စုနှုန်းဖြင့် ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ (မသန်စွမ်း(၅) မျိုးစာရင်းအပါအဝင်) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)