မင်္ဂလာတောင်ညွန့်မြို့နယ် ပညာရေးစုံညီပွဲတော် ဘက်စုံဆုပေးပွဲ အခမ်းအနားကျင်းပ

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဘက်စုံဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အထက (၃) ကျောင်းခန်းမအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်တထောင် ခရိုင်ပညာ‌ရေးမှူး ဆရာမကြီး ဒေါ်သင်းသင်းမြတ် တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို အစီအစဉ် (၂) ရပ်ဖြင့်ကျင်းပခဲ့ပြီး ရှေးဦးစွာ မင်္ဂလာတောင်ညွန့်မြို့နယ် ပညာရေးမှူးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်တင်ပြကာ အထက (၃) ကျောင်းသူလေးများက “ဦးရွှေရိုး၊ ဒေါ်မိုး” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ခရိုင်၊ မြို့နယ်အဆင့် ဘက်စုံရည်ချွန်ဆု ရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အထက (၁) ကျောင်းသူလေးများက “ထာဝရသစ္စာ” သီချင်း ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အဆင့် အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲတွင်ဆုရရှိသူများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပြိုင်ပွဲတွင် ဆုရရှိ သူများ၊ ခရိုင်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲ၌ ရွေးချယ်ခံရသူများ၊ U-14 ဘောလုံး ပြိုင်ပွဲ မြို့နယ်အဆင့် ရွေးချယ်ခံရသူများ၊ ကျောင်းသားအားကစားပြိုင်ပွဲ မြို့နယ်အဆင့် ဘော်လီဘော အမျိုးသား/အမျိုးသမီး ရွေးချယ်ခံရသူများ၊ မြို့နယ်အဆင့် (ပြေး/ခုန်/ပစ်) ပြိုင်ပွဲတွင် ရွေချယ်ခံရသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက အကပဒေသာ များဖြင့် ကပြတင်ဆက်ကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်း ရရှိသည်။

မြို့နယ်(ပြန်/ဆက်)