ကျောက်ဆည် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် (၁၃၃၂)ဦး ထိုးပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ဆေးထိုးစုရပ်များဖြစ်သည့် (အ.ထ.က-၂)၊ (မူလွန်-၁၁)၊ (မူလွန်-ပင်တလည်)၊ (ဖိုကုန်း-အ.မ.က)၊ (ဇီးပင်ဝန်း-အ.မ.က)၊ (ပြန်ပန်း-အ.မ.က)၊ (ပတ္တာ-အ.မ.က) ကျောင်းများတွင် စတင်ထိုးနှံပေးခြင်းဖြစ်ပြီး လျာထားလူဦးရေစာရင်းမှာ အခြေခံပညာရေးကျောင်းများတွင်(၈၃၁၀)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင်(၃၉၀)ဦး၊ စုစုပေါင်း(၈၇၀၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပြီး၊ ကျောက်ဆည် မြို့နယ်တွင် အထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၉) ကျောင်း၊ မူလတန်းလွန်(၂၅)ကျောင်း၊ မူလတန်းကျောင်း (၁၃၀)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၆)ကျောင်းရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)