ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း ၂၀၂၂ - ၂၀၂၃ခုနှစ် မန္တလေးတိုင်းဒေသကြီး  ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၆၈x၇၃လမ်းကြား၊ ၁၀၂x၁၀၇ လမ်းကြားရှိ မန္တလာသီရိအားကစားကွင်း၊ MULTIPURPOSE STADIUM တွင် ယနေ့နံနက် ၈ နာရီအချိန်က ၂၀၂၂- ၂၀၂၃ခုနှစ် မန္တလေးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးမောင်ကိုနှင့် အစိုးရ အဖွဲ့၀င်အကြီးအကဲများအား ဘင်ခရာတီးဝိုင်းဖြင့် ကြိုဆိုခဲ့ကြပြီး‌နောက် ထူးချွန် ကျောင်းသား(၃)ဦးမှ ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးဆန်းအောင်က ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး အထက(၅) ကျောင်းသား/သူများက ဘင်ခရာဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြပြီး အထက(၄)ကျောင်းသား/ သူများမှ ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် လည်း‌ကောင်း၊ ချမ်းမြသာစည်မြို့နယ် ကျောင်းသား/ သူများမှ အခြေခံသင်ရိုးညွှန်းတမ်းပါ သင်ခန်းစာဖြစ်သော ကဗျာလွတ်အကဖြင့် လည်းကောင်း၊ အောင်မြေသာစံမြို့နယ် ကျောင်းသား/သူများမှ Fitness Dance အကဖြင့် လည်းကောင်း ကပြဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးမောင်ကိုကအဖွင့်အမှာ စကားပြောကြားပြီး ထူးချွန်ဆုရ ကျောင်းသား/သူ ၆ ဦးအား ဆုချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်ဆုရ ကျောင်းသား/သူ ၅ ဦးအား တိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေက လည်းကောင်း၊  တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်အကောင်းဆုံး ကျောင်းများအား လုံခြုံ‌ ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းမှ ဆုများ‌ ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။ ဆက်လက်ပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ထူးချွန်ဆုရရှိသူ ဆရာ/ဆရာမများ အား စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းက လည်းကောင်း၊ပန်းချီ/စာစီစာကုံးဆုရရှိသူများအား စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကလည်းကောင်း၊ အလယ်တန်းအဆင့် ထူးချွန်ဆု ရရှိသူများအား အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ဆန်းဦးတို့ကလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရသည်။    အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် သီရိပျံချီဦးမောင်ကို၊ တိုင်းတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးမြင့်လွင်၊ တိုင်းဒေသကြီးပညာရေးမှူး ဒုညွှန်ချုပ် ဦးဆန်းအောင်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များမှ ပညာရေးမှူးများ၊ ဆရာ/ဆရာမ၊ ကျောင်းသား/သူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများ၊ စုစုပေါင်းအင်အား (၃၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)