ဝိုင်းမော် ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံ ညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုံညီပွဲတော်ကို ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်နယ်ပညာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် စွမ်းရည်ဆု၊ လူရည်ချွန်ဆု၊ စာပေဆု၊ အားကစားဆုရရှိသော ကျောင်းသား ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးရုပ်ဖော်အကများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဖြူစင်