စဉ့်ကူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

စဉ့်ကူး  ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထပ်တိုး အကောင်အထည်ဖော်ဆောင်ရွက်သည့် ညောင်ကုန်းကျေးရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ရွာတော်လေးကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ဇန်နဝါရီလ ၉ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုး ဦးဆောင်၍ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်အေးအေးထူးနှင့် ဌာနဝန်ထမ်းများ လိုက်ပါလျက် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ် သိန်း(၄၀)တို့ဖြင့် ညောင်ကုန်းကျေးရွာတွင် ဆောင်ရွက်သည့် ကွန်ကရစ်လမ်း အရှည်ပေ (၈၄၀)၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မ ရှိသည့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား စစ်ဆေးပြီး ကျေးရွာ ကော်မတီများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရွာတော်လေးကျေးရွာသို့ သွားရောက်၍ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့နှင့် အတူ ကျေးရွာစီမံကိန်းဝင် အသင်းသား/ အသင်းသူများ စီမံကိန်းချေးငွေဖြင့် လုပ်ငန်းများ လုပ်ကိုင်‌ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးရွာကော်မတီဝင်များ၏ ငွေစာရင်းဇယားများ ရေးသွင်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို ရှင်းလင်း မှာကြားခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးထံမှ သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)