ပိုင်ကျုံ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် လမ်းမကြီးပေါ်တွင် သံကူကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ပေးခဲ့သည်။
အဆိုပါတံတားသည် ပိုင်ကျုံမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် ဆက်သွယ်ထားလျက်ရှိရာ အရှည် ၃၀ ပေ × အကျယ် ၁၇ပေရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကရင် ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၂၉၆) သိန်းဖြင့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ ပထမ အပတ်တွင် စတင်အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၉ ရက်နေ့အထိ (၇၀) ရာခိုင်နှုန်းအထိ ပြီးစီးဖြစ်ကြောင်း၊ လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုရာ တာဝန်ရှိသူများတို့မှ အနီးကပ် ကြီးကြပ်တာ၀န်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်ပါက ဒေသနေပြည်သူများအနေဖြင့် အန္တရာယ်ကင်းစွာ သွားလာနိုင်သည့်အပြင် ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)