အမရပူရ ဇန်နဝါရီ ၉
အမရပူရမြို့နယ် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စု လူဦးရေ စာရင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ၅၁ စုတို့တွင် စတင်ကောက်ယူခဲ့ရာ ၎င်း စတင် ကောက်ယူခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်နိုင်ဝင်း၊ မြို့နယ်ဦးစီးမှူးဦးတင်ကိုကိုဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ ( WorkingGroup) များမှ အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်နေ့ မှ ၃၁ရက်နေ့အထိ အဖွဲ့ပေါင်း ၁၂၅ ဖွဲ့ဖြင့် စာရင်းကောက်ယူသွားမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် အဖွဲ့ဝင် (၅) ဦး ပါဝင်ပြီး တစ်ရက်လျှင် အိမ်ထောင်စု ၂၅ စုနှုန်းဖြင့် ကောက်ယူသွားမည်ဖြစ်ရာ မြို့နယ်အတွင်း၌ရပ်ကွက် ကျေးရွာ အုပ်စု ၅၁ စုရှိသည့် အနက် ၆၃၆၁၃ အိမ်ထောင်စု၊ လူဦးရေစာရင်း ၂၁၄၈၂၉ ဦးရှိရာ မြေပြင်တစ် အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များ အနေနဲ့ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး သင်တန်းများ ဖွင့်လှစ်ပို့ချထားပြီးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)