ပင်လောင်းမြို့နယ် အလက (ခွဲ)အ​ရှေ့ရပ်ကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ပင်လောင်း ဇန်နဝါရီ  ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အရှေ့ရပ်ကျောင်း၏  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်တေးသီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ရာ အခမ်းအနားတွင် ဒုတိယမြို့နယ် ပညာရေးမှူး ဦးငွေဇော်၊ ကျောင်းနယ်မြေမှူး အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးစီ တို့က အမှာစကားပြောကြားကြပြီး၊ အလက(ခွဲ) အရှေ့ရပ်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်သွယ်လေး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာဦးကျော်သန်း တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်၊ သင်္ချာစွမ်းရည်ဖြေဆိုပြိုင်ပွဲနှင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ အားမာန်ဆုရရှိသည့်  ဆရာ၊ ဆရာမများကို  မြို့နယ်မှတာဝန်ရှိသူများ၊ အလက (ခွဲ)အ​ရှေ့ရပ်ကျောင်းမှ ကျောင်းအကျိုးတော်ဆောင်များနှင့် မိသားစုဝင်ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ဆရာမများက ဆုများချီးမြှင့်ပေးခဲ့ပြီး၊ အလက (ခွဲ)အ​ရှေ့ရပ်ကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ် အလှူရှင်များအား  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်