ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ဟိုပန် ဇန်နဝါရီ ၁၀

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်(၉)နာရီက အဆိုပါ ကျောင်းရှိ စောမဟာခန်းမ၌  ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဟိုပန်ခရိုင် ပညာရေးမှူး ဒေါ်နော်အံကြူးက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးစုံညီပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊   အထက(ဟိုပန်)ကျောင်းမှ မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိသည့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူ (၅)ဦး၊ Grade-5 မှ Grade-9 အထိ အတန်းလိုက် အခြေခံပညာ အင်္ဂလိပ်စာစွမ်းရည်ဆု၊ သင်္ချာစွမ်းရည်ဆုရရှိကြသည့် ကျောင်းသား/သူ(၁၅)ဦး၊ မူလတန်းအောက်ဆင့် KG မုန့်စားပြိုင်ပွဲ၊ မီတာ(၅၀) အပြေးပြိုင်ပွဲ၊ မူလတန်းထက်ဆင့် မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အိတ်စွပ်ပြေးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူ(၁၂)ဦး၊ ကျောင်းတွင်း ပိုက်ကျော်ခြင်း (ထက်ဆင့်)ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု ရရှိကြသည့် အသင်းနှစ်သင်းနှင့် အကောင်းဆုံးကစားသမားဆုများ စသည့် ကာယ၊ ဉာဏစွမ်းရည် ထူးချွန်ဆုများအား တာဝန်ရှိသူများက အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် အထက(ဟိုပန်)ကျောင်းမှ ကျောင်းသား/သူ များက တိုင်းရင်းသားရိုးရာ၊ အက အလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

အခမ်းအနား သို့ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေး၊ ဟိုပန်ခရိုင် ပညာရေးမှူး ဒေါ်နော်အံကြူး၊ အထက(ဟိုပန်)ကျောင်း၏ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)