ဥတ္တရသီရိ ဇန်နဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်နှင့် ဥတ္တရသီရိခရိုင်တို့ ပူးပေါင်းကျင်းပသည့် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉ နာရီက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဇေယျာသီရိခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူးက အဖွင့်အမှာစကား ပြောကြားရာ နေပြည်တော်သည် ၂၀၁၇ခုနှစ်တွင် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်တည်တံ့သော မြို့ကြီးများဆုကို ရရှိထားသည့်အတွက် အစိမ်းရောင်မြို့တော် အင်္ဂါရပ်နှင့်အညီ မြို့ရွာများဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြေ၊ ရေ၊ သယံဇာတများကို ရေရှည်အသုံးပြုနိုင်ရေး၊ ကုန်ကျစရိတ်များပြားစေသည့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများ နည်းပါးစေရေး၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ရာသီဥတုဒဏ်တုံ့ပြန်ခံနိုင်ရည်ရှိစေရေးအတွက် လျော့ချရေးလုပ်ငန်းများအပြင် လိုက်လျောညီထွေရှိစေရေးကိစ္စများကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြို့တော်သန့်ရှင်းသပ်ရပ်စေရေးအတွက် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဥတ္တရခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးလင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ခရိုင်အဆင့်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးရာ ဇေယျာသီရိခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ဥတ္တရခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ဇေယျာသီရိခရိုင်နှင့် ဥတ္တရခရိုင်အတွင်းရှိ ခရိုင်အဆင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)