ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဟိုပုံး ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသပညာရေးမှူး ဦးစိုးသစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဖြိုးနိုင်ဦးနှင့် တာဝန်ရှိသူများက  ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ခင်းကျင်းပြသထားသည့်ပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့ပညာရေးစုံညီပွဲတော်ကတော့ ဆရာ၊ ကျောင်းသား၊ မိဘ စုံညီစွာ တွေ့ဆုံကြပြီး စည်းလုံးညီညွတ်စွာနဲ့ ပညာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင်ကြစို့ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ဖို့ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဆိုတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ဉာဏပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေး ဆိုင်ရာဖွံ့ဖြိုးမှုစတဲ့ ဖွံ့ဖြိုးမှုငါးရပ်နဲ့ ပြည့်စုံတဲ့ ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ပေးဖို့ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသပညာရေးမှူး ဦးစိုးသစ်၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးတက်စိုး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းနွဲ့ တို့က အမှာစကား အသီးသီး ပြောကြားကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် အတန်းအသီးသီး၌ ဆုရရှိသူများ၊ မြို့နယ်အဆင့် လူရည်ချွန် ရရှိသူများ အားဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကအလှများ ဖျော်ဖြေ၍ ပညာရေးစုံညီပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)