သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က(သုဝဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမတွင် ပညာရေးစုံညီပွဲတော်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပညာရေးစုံညီပွဲတော်နှင့် ဂုဏ်ပြုဆုများပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံး၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၉)အချိန်က အ.ထ.က(သုဝဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  သင်္ဃန်းကျွန်း ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်တင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းက နယ်ပယ်အရပ်ရပ်၊ သာဘာရပ်အသီးသီးတွင် ဆုများအသီးသီးရရှိသော ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် ဂုဏ်ပြုစကားပြောကြားပေးခြင်း၊ ပညာရေးစုံညီပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသော အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များပေးအပ်ခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်မှာတော့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား ကျောင်းသား၊ ကျောင်းသူများမှ တေးသရုပ်ဖော် တင်ဆက်ဖျော်ဖြေမှုများ၊ အကအလှများ၊ မြန်မာ့ရိုးရာတေးဂီတ အကအလှများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ကြပြီး အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)