သီပေါမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

သီပေါ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းအား ယမန်နေ့နံနက်(၉)နာရီက မြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက်နှင့်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန် ရပ်ကွက်/ ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များ၏ စာရင်းကောက်ယူနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်မြတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွားများကိုလည်း ဆက်လက်ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီလ(၉) ရက်နေ့မှ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)