ရမည်းသင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 ရမည်းသင်း    ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၈ နာရီခွဲက အဆိုပါကျောင်း ဘက်စုံးခန်းမ၌ စည်ကားသိုက် မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ဒသမတန်းကျောင်းသား၊ကျောင်းသူများမှ ထိုသုံးပါးသီချင်းဖြင့် ဖျော်ဖြေကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပဒေသာကပွဲအစီအစဉ်တွင် KG တန်းမှစ၍ ဧကာဒသမတန်းထိ အတန်းအလိုက် ကျောင်းသား/ကျောင်းသူ လေးများမှ တေးသရုပ်ဖော်သီချင်းများဖြင့်လည်းကောင်း၊ ခေတ်ပေါ်တေးဂီတ အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ် ဆုချီးမြှင့်ခြင်း အစီအစဉ်များကို ဆက်လက်ကျင်းပရာ ခရိုင်နှင့်မြို့နယ် ပြိုင်ပွဲများ၌ ဆုရရှိသူများ၊ ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ၊ဆရာများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)