လိပ်သိုဒေသတွင် တံမြက်စည်းများ စတင်ချိုးယူရောင်းဝယ်လျက်ရှိ

လိပ်သို  ဇန်နဝါရီ  ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသကျေးရွာများရှိ တောတောင်များ၊ ဥယျာဉ်ခြံများ၊ လမ်းဘေး ဝဲယာများတွင် သဘ၀ အလျောက် ပွားများပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များမှာ  ချိုးယူရောင်းဝယ်ရန် သင့်လျော်ပြီဖြစ်၍ကျေးရွာများရှိ ဒေသခံများက စတင်ချိုး ယူရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တံမြက်စည်းပင်များသည် မြို့နှင့်ဝေးလံသော တောင်ပေါ်ဒေသများတွင်သာ နေရာကွက်၍သော်လည်းကောင်း၊ အစုလိုက်သော် လည်းကောင်းများပြားစွာ ပေါက်ရောက်လျက်ရှိရာ ကျေးလက်နေအခြေခံလူတန်းစားများက မိသားစုစားဝတ်နေရေးအတွက် ရှာဖွေချိုးယူ စုဆောင်း ပြီး ဝယ်လက်များထံသို့ ရောင်းချခြင်းဖြင့် အပိုဝင်ငွေများ ရရှိလျက်ရှိသည်။

တံမြက်စည်းများကို ဝယ်လက်ပွဲစားများက ချိုးယူပြီး အစိုအတိုင်း တစ်ပိဿာကို (၇၀ဝိ/-) ကျပ် ဈေးပေးဝယ်ယူလျက်ရှိရာ ဒေသခံများက ရရှိလာသော တံမြက်စည်းများအား ချိုးယူပြီးပြီးခြင်း အစိုအတိုင်းရောင်းချခြင်း၊ နေပူအခြောက်လှန်းကာ အပွင့်အမှုန်များအား ရိုက်ချွေပြီး  အိမ်သုံး တံမြက်စည်းများ  ပြုလုပ်ရောင်းချခြင်း၊ အခြောက်လှမ်း သိုလှောင်ထားရှိပြီး ပြန်လည်ရောင်းချခြင်း၊ ကုန်ချောထုတ်လုပ်ရောင်းချခြင်းတို့ဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)