စဉ့်ကူးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်း ဖွင့်လှစ်

စဉ့်ကူး   ​​ဇန်နဝါရီ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ် ၁နာရီအချိန်က စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့​သည်။

ရှေးဦးစွာ သပိတ်ကျင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးက ပန်းရံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း သားများ တက်ရောက်ခဲ့​ကြသည်။

အဆိုပါသင်တန်းသို့ ကျေးရွာ(၇)ရွာမှ သင်တန်းသား(၁၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၉.၁.၂၀၂၃)ရက်နေ့မှ (၂၈.၁.၂၀၂၃) ရက်နေ့ထိ (၂၀)ရက်ကြာ လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနိုင်အောင်စိုးထံမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)