မြေပြင် လူဦးရေစာရင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မန္တလေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အားပေးကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ    ဇန်နဝါရီ   ၁၀

မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန် ရပ်ကွက်၊ ၂၈ လမ်း၊ ၆၈×၆၉ လမ်းကြားတွင် ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အားပေးကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံ ဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသကြီးပညာရေးမှူး ဦးစန်းအောင်တို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့​သည်။

ချမ်းအေးသာစံမြို့နယ်အတွင်းတွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအား မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (၉၈)ဖွဲ့မှ ရပ်ကွက် ၂၀ ရှိ ဦးတည်အိမ်ထောင်စု (၄၄၅၀၀)စုကျော်အား ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ရက်နေ့အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်​