မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံနေမှုအား ကြည့်ရှုအားပေး

ချမ်းအေးသာစံ  ဇန်နဝါရီ   ၁၀

အသက် ၅ နှစ် မှ ၁၂ အတွင်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း ထိုးနှံနေမှုကို ယမန်နေ့ နေ့လယ် ၂နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၁၆အခြေခံပညာအထက်တန်းကျောင်းရတနာခန်းမတွင် ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရာနေရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ တို့ကြည့်ရှုအားပေးခဲ့ရာ ဒေသကြီးပညာရေးမှူး ဦးစန်းအောင်တို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့​ကြသည်။

အ.ထ.က (၁၆) ကျောင်းရှိ အသက် ၅ နှစ် မှ ၁၂အတွင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၄၅ ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းလင်းချစ်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ရာကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးနှင့် ဆရာ၊ ဆရာမများမှလိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်