ပုဗ္ဗသီရိမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

ပုဗ္ဗသီရိ ဇန်နဝါရီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃၀ ရက်နေ့မှစတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ အသီးသီးသို့ တစ်ပြိုင်နက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ စာရင်းကောက်ယူရေးအဖွဲ့များက လာမည့်အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေးအတွက် ဖွဲ့စည်းထားရှိသည့် (Working Group)  မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များဖြင့် ပုဗ္ဗသီရိမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီး၌ လူဦးရေဆိုင်ရာ စာရင်းအချက်အလက်များနှင့် မသန်စွမ်း(၅)မျိုးစာရင်းအား တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။

ပုဗ္ဗသီရိမြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံး ထား၍ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ်(ပုဗ္ဗသီရိ)