ကော့သောင်းခရိုင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်

ကော့သောင်း ဇန်နဝါရီ ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံးမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို၊ ယနေ့နံနက်၉နာရီက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့သောင်းခရိုင် တာဝန်ခံ ဦးအောင်မျိုးကိုက သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသူ/သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ကြသည်။

အဆိုပါ သင်တန်းအား မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ငလျင်ဘေး စသည့် သဘာဝဘေး အန္တရာယ်များ မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်တတ်ကြစေရန်နှင့် ရင်ဆိုင်ကြုံတွေ့ လာရချိန်တွင်ပျက်စီးဆုံးရှုံးမှုနှင့် အသက်ဆုံးရှုံး မှု လျော့နည်းစေရန် ပိုမိုကောင်းမွန်သော တုံ့ပြန်မှုကို ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရန် သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ကာ ကြိုတင်ပြင်ဆင် လုပ်ဆောင်ရမည့် နည်းလမ်းများအား သိရှိစေရန်၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အခြေခံကျသည့် ရပ်ရွာများမှ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် ရပ်ကွက်၊ ကျေးရွာအတွင်း စေတနာ့ဝန်ထမ်း လူငယ်စွမ်းအားစုများ ပေါ်ထွက်လာရေး၊ ရည်ရွယ်ကာ ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား(၃၀)ဦးအား ဌာနဆိုင်ရာ သင်တန်းနည်းပြများက စာတွေ့လက်တွေ့များဖြင့် အပြန်အလှန် ဆွေးနွေးဖလှယ်မှုပုံစံဖြင့် သင်တန်းကာလ(၃)ရက်တာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)