လမ်းမတော်မြို့နယ်၌ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်

လမ်းမတော် ဇန်နဝါရီ ၁၀      

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ လူဦးရေစာရင်းများ ကောက်ယူရာတွင် လူတစ်ဦးချင်း၏ အချက်အလက်များ တိကျပြည့်စုံမှန်ကန်စေရန်နှင့် လူဦး​ရေစာရင်းများ တိကျမှန်ကန်​ရေးအတွက် မြေပြင်ကွင်း ဆင်းတိုက်ဆိုင် စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို လမ်းမတော်မြို့နယ် ရှိရပ်ကွက်များအလိုက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ရပ်ကွက်မြေပြင် ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေး ကော်မတီများဖြစ်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်များမှစာရေးများ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့မှ လူဦးရေစာရင်း ကောက်ယူမည့် သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံစာရင်းကောက်ယူလျက်ရှိသည်။

အဆိုပါ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှု အခြေအနေအား ခရိုင်စီမံအုပ်ချပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစံကျော်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သွားရောက်ကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်