နမ္မတူမြို့နယ် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

နမ္မတူ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲ အချိန်က အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ  အခမ်းအနားကို အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌ ဦးသိန်းကြည်ဦးက ထပ်ဆင့်အမှာစကား ပြောကြားပြီး၊ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးမာလွင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရ လယ်/မူ ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ ကျောက်တက်ရက်မပျက်သော ဆရာမများအားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အားကစားထူးချွန်ဆုနှင့် ဘာသာရပ်အလိုက် စွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာ များဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။

ပညာရည်ချွန်ဆုပေးပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုး တော်ဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)