မိုင်းယောင်း၌ ရွှေညောင်ပင်သွား ကတ္တရာလမ်းဖွင့်လှစ်ပြီးစီးပြီဖြစ်သဖြင့် ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေ

မိုင်းယောင်း ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရွှေညောင်ပင်သွား ကတ္တရာလမ်းကို ဇန်နဝါရီ ပထမပတ်က ဖွင့်လှစ်ခဲ့ပြီး ဝမ်ဟိုရမ်း၊ ဝမ်ဘန်း၊ ဝမ်လဲ၊ ဝမ်ကျူးနှင့် ဝမ်မိုင်ကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ သွားလာမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“အရင်က သွားလာမှုအခက်အခဲရှိခဲ့ပါတယ်။ အခုဆိုရင် စိတ်ချမ်းသာစွာနဲ့ သွားလာ နိုင်ပြီးတော့ ကျေးရွာထွက်ကုန်တွေဆိုလည်း တစ်ရွာနဲ့တစ်ရွာ အလွယ်တကူ သယ်ယူ ရောင်းဝယ် ဖောက်ကားလာနိုင်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး ကျေးလက်လူနေမှု အဆင့်အတန်း မြင့်မားစေမှုကို အထောက်အကူပြုပေးလျက်ရှိပါတယ်။ ဒါ့အပြင် သက်တော် ၁၀၀၈ နှစ်ရှိတဲ့ ဗောဓိရွှေညောင်ပင်ကိုလည်း စိတ်အေးချမ်းစွာ သွားရောက်ဖူးမြော်နိုင်ပါပြီ” ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

အဆိုပါ ဝမ်ဟိုရမ်း-ဝမ်ဘန်း-ဝမ်လဲ-ဝမ်ကျူး-ဝမ်မိုင်(ရွှေညောင်ပင်သွား)လမ်းသည် အရှည် ၅ ဒသမ ၂၅ မိုင်၊ အကျယ် ၁၂ ပေနှင့် ထုကိုးလက်မရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၆၄ ဒသမ ၁၅ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း