တောင်ကြီး ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်ပညာရေးစုံညီပွဲတော် ကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
ပြည်နယ်ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရှမ်းအကဖြင့် ကပြဖျော်ဖြေပေးကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့က ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးကြသည်။
ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွဲ့ပွဲသီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းမှန်မှန်တက်ရောက်နေရုံဖြင့် တာဝန်ကျေပွန်ခြင်းမဟုတ်ဘဲ တစ်နေ့တာ သင်ခန်းစာအပေါ်တွင် ခြုံငုံစဉ်းစားသုံးသပ်တွေးခေါ်နိုင်ခြင်း၊ အားကစားနှင့် အနုပညာဘာသာရပ်များတွင် ကိုယ့်ဝါသနာကို အရင်းခံပြီး ပါဝင်ဆောင်ရွက်တတ်ခြင်း၊ ပြင်ပစာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရယူနိုင်ခြင်း၊ မိမိဖတ်ရှုသည့် စာအုပ်စာပေများမှ ရရှိလာသည့် ဗဟုသုတ၊ ဉာဏ်ပညာများကို အခြေခံပြီး အကြောင်းအကျိုး အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြားတတ်သည့် အသိအမြင်ရရှိစေခြင်းအထိ ကြိုးစားအားထုတ်ရန် လိုအပ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့၏ သား၊ သမီးများ တီထွင်ကြံဆနိုင်မှုကို အားပေးကူညီခြင်း၊ စဉ်းစားတွေးခေါ်နိုင်မှုအတွက် ပူးပေါင်းစီမံလေ့ကျင့်ပေးခြင်းဖြင့် တစ်ဖက်တစ်လမ်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် ပြည်နယ်ပညာရေးစုံညီပွဲတော်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံငွေကျပ် (၁၀) သိန်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ပေးအပ်ရာ ပြည်နယ် ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင့်မှ လက်ခံရယူပြီး၊ ပြည်နယ်အဆင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပေးရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီး ဆုများချီးမြှင့်ပေးကြပြီး ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ပြည်နယ်ပညာရေးစုံညီပွဲတော်အတွက် ထောက်ပံ့ငွေပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရကာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများမှ ရှမ်းတိုင်းရင်းသားအကနှင့် ဇာတိမာန်သီချင်း သီဆိုဖျော်ဖြေကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ်မှ သင်ထောက်ကူပြခန်း၊ တောင်ကြီးမြို့နယ်မှ သိပ္ပံပြခန်း၊ ညောင်ရွှေမြို့နယ်မှ အိမ်တွင်းမှုပြခန်း၊ တောင်ကြီးမြို့နယ်မှ ပန်းအလှပြခန်း၊ ပညာရေးလှုပ်ရှုားမှု မှတ်တမ်းဓါတ်ပုံပြခန်းနှင့် ဟိုပုံးမြို့နယ်မှ စိုက်ပျိုးရေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အရှေ့မြို့ပတ်လမ်း ရေအေးကွင်းရပ်ကွက်နေ အိမ်ရှင် ဦးကော်ကျားရွမ်၊ မင်္ဂလာဦးရပ်ကွက် အိမ်ရှင်ဒေါ်အေးရီ၊ သစ်တောရပ်ကွက်နေ အိမ်ရှင်ဦးကျော်လှိုင်အေး (ဦးကြည်မောင်) တို့နေအိမ်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး )