တနင်္သာရီ ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းမှ အခြေခံပညာကျောင်း (၁၂၈) ကျောင်းအတွက် ခွင့်ပြုချထားပေးသော ရေသန့်စက် (၁၂၈)စုံသည် ယမန်နေ့အထိ တနင်္သာရီမြို့နယ် ပညာရေးမှူးရုံးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများမှာ မြစ်ရေကို အသုံးပြုနေရခြင်း၊ စိမ့်စမ်းများမှတစ်ဆင့် ရေသွယ်တန်း၍ အသုံးပြုနေရခြင်းနှင့် တွင်းရေများမှ အသုံးပြုနေရသဖြင့် ကျန်းမာရေးနှင့် မညီညွတ်သည့်အပြင် ပညာရေးဝန်ကြီးဌာန၏ သန့်(၅)သန့်ညွှန်ကြားချက်နှင့်အညီ ဖြစ်စေရေးအတွက် တနင်္သာရီမြို့နယ်အတွင်းမှ လျှပ်စစ်မီးရရှိနေသည့် အထက်တန်းကျောင်း (၅) ကျောင်းအတွက် ဆိုလာစနစ်မပါသည့် ရေသန့်စက်(၅)စုံနှင့် လျှပ်စစ်မီးမရသေးသော အလယ်တန်းကျောင်း/ မူလွန်ကျောင်း/ မူလတန်းနှင့် မူလတန်းကျောင်း(ခွဲ)များ ပေါင်း (၁၂၃) ကျောင်းအတွက် ဆိုလာစနစ်ပါရှိသည့် ရေသန့်စက်(၁၂၃)စုံ၊ သို့ပါ၍ အားလုံးစုစုပေါင်း (၁၂၈) စုံအား တင်ဒါအောင်မြင်ထားသည့် မဟာအလင်းသစ်ကုမ္ပဏီမှ ဝန်ထမ်းများက မြို့နယ်ပညာရေး မှူးရုံးသို့ လာရောက်ပို့ဆောင်အပ်နှံပေးပြီး လက်ရှိတွင်သက်ဆိုင်ရာကျောင်း(၃၃)ကျောင်းတွင် ၎င်းရေ သန့်စက်များကို အပြီးသတ် တပ်ဆင်ပေးပြီးဖြစ်ကြောင်းနှင့် လက်ရှိနယ်မြေလုံခြုံရေး အခြေအနေအရ တပ်ဆင်ရန် ကျန်ရှိနေသေးသည့် ကျောင်းများအတွင်း တပ်ဆင်နိုင်ရေး တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေသန့်စက်တွင် 150 Watt Solar Panel With Bracket (၂)ချပ်၊ 20A PWM Solar Charge Controller(၁)ခု၊ 12V 150Ah Solar Bettery (၁)လုံး၊ 800 Watt Pure Sine Wave Inventer (၁) ခုတို့ပါရှိသည့် ဆိုလာစနစ်ပါ ရေသန့်စက်တစ်စုံလျှင် ကျပ်(၄၂)တန်ဘိုးရှိ စက်(၅)စုံနှင့် ဆိုလာစနစ်မပါရှိဘဲ 600 Litter Stainless Stell Tank (၁)လုံးနှင့် အခြားဆက်စပ်ပစ္စည်း (၁၀)မျိုးပါရှိသည့် ရေသန့်စက်တစ်စုံလျှင် ကျပ်(၃၁)သိန်းတန်ဘိုးရှိ စက်ပေါင်း(၁၂၃)စုံ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)