ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပုံမှန်ကာကွယ်ဆေးထိုးနှံပြီး(၅)လနှင့်အထက်ရှိသည့်၊ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား ထပ်ဆောင်း ကာကွယ်ဆေး(Booster Does)ထိုးနှံခြင်းကို ယမန်နေ့နံနက် (၉)နာရီမှစတင်၍ ဆေးထိုးစုရပ်များဖြစ်သည့် အထက်တန်းကျောင်း(၅)ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထပ်ဆောင်းကာကွယ်ဆေး (Booster Does) ထိုးနှံဆောင်ရွက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ မြို့ရှေ့ အခြေခံပညာအထက်တန်းကျောင်း၊ လေးရွာအခြေခံပညာ အထက်တန်းကျောင်းနှင့် ရွာလုအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့တွင် စုရပ်များဖွင့်လှစ်ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်း သား၊ကျောင်းသူလေးများအား ထပ်ဆောင်ကာကွယ်ဆေးထိုးနှံခြင်း ကို(၉-၁-၂၀၂၃)ရက်နေ့မှ (၁၀-၂-၂၀၂၃)ရက်နေ့အထိ ဆေးထိုးကာလ သတ်မှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရပြီး၊ ဆေးထိုးရမည့် ရည်မှန်းကျောင်းသားဦးရေ စုစုပေါင်းမှာ(၅၅၅၀)ဦးဖြစ်၍ (၉-၁-၂၀၂၃)ရက်နေ့တွင် ဆေးထိုးစုရပ်(၅)ခု၌ ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၅၅)ဦး လာရောက် ထိုးနှံခဲ့ကြကြောင်းသိရသည်။
အဆိုပါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသည့် ဆေးထိုးစုရပ်များသို့ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမီမီသက်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး၊ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)