တာချီလိတ်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းကောက် သင်တန်းဖွင့်လှစ်

တာချီလိတ် ဒီဇင်ဘာ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အခြေခံမဲစာရင်းများမှန်ကန်ရေး အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ရွေးကောက်ပွဲကျင်းပရာတွင် အခြေခံမဲစာရင်းများ မှန်ကန်စေရန် နိုင်(၄) မှတ်တမ်းများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နည်းပညာများအသုံးပြု၍ e-ID Software အတွင်း ရေးသွင်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယခုအခါ ကွင်းဆင်းကောက်ယူရေးအဖွဲ့ဝင်များက အခြေခံစာရင်းများကို မြေပြင်အထိ ကွင်းဆင်းကောက်ယူရာတွင် စနစ်တကျ မှန်ကန်တိကျစေရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှသာ အခြေခံလူဦးရေစာရင်းများရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများ အောင်မြင်ရေး ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ၁၅၀ ဦးအား (၂၇ -၁၂-၂၀၂၂) ရက်မှ (၂၈-၁၂-၂၀၂၂) ရက်နေ့ထိ ၂ ရက် ကြာဖွင့်လှစ်သင်ကြားပို့ချသွားမှာဖြစ်ပြီး၊ သင်တန်းတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးသန့်ဇင်နှင့် အဖွဲ့ဝင်များက အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး စီမံချက်ဆိုင်ရာများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဖွဲ့စည်းထားရှိပုံများ၊  စာရင်းကောက်လက်စွဲစာစောင်များနှင့် စာရင်းကောက်ကျင့်ဝတ်များ စသည်တို့အား စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးလတ်(ခရိုင်ပြန်/ ဆက်)