မိတ္ထီလာ ဒီဇင်ဘာ ၂၇
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် ဘောလုံးကွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ခွဲအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါလမ်းသစ်ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ပေါက်ချောင်းရပ်ကွက် ဘောလုံးကွင်းလမ်းအား ကတ္တရာ လမ်းအဆင့်မှ ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်က ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပေးခြင်းအတွက် ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး လမ်းသစ်ဖွင့်ပွဲတွင် ဘင်ခရာတီးမှုတ်သော ဘင်ခရာအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ထံသို့ ဂုဏ်ပြုဆုငွေများကို အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်က ပေးအပ်ချီးမြှင့်သည်။ ၎င်းနောက် ပေါက်ချောင်းရပ်ကွက် ဘောလုံးကွင်း လမ်းကွန်ကရစ်လမ်းသစ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ အဖွဲ့ဝင် (၂) ဦးကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်အောင်လေး၊ အမှုဆောင်ရာရှိ ဦးမျိုးထက်ဇော်နှင့် ကွန်ကရစ်လမ်းသစ်အား လုပ်ကိုင်ခဲ့သည့် Safe Way ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခမ်းအင်ဖ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက် အသစ်ဖွင့်လှစ်လိုက်သော ကွန်ကရစ်လမ်းသစ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တက်ရောက် လာကြသော ဒေသခံပြည်သူများက ကြည့်ရှု့စစ်ဆေးခဲ့သည်။ အဆိုပါ ဘောလုံးကွင်းလမ်း ကွန်ကရစ် လမ်းသစ်မှာ အရှည်ပေ ၁၁၅၆ ပေ ၊ အကျယ် ၁၈ ပေ နှင့် ထု ၆ လက္မရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် ၄၇.၂၉၇ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ