စဉ့်ကူး ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ခမ်းပါးကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို စဉ့်ကူးမြို့နယ်၊ ခမ်းပါးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူ့စစ်နှင့် ရပ်ကျေးပြည်သူ့လုံခြုံရေး အဖွဲ့များနှင့် လုံခြုံရေးကိစ္စများ ဆွေးနွေးခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် ပြဌာန်းထားသည့် ကိစ္စများအပေါ် ရှင်းလင်းဆွေးနွေးခြင်းနှင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအားရှင်းလင်းခြင်း၊ ဒုရဲမှူး တင်ညွန့် မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကော်မရှင် ဒုတိယဦးစီးမှူး ဒေါ်အိမ့်သက်ခိုင် က ရွေးကောက်ပွဲဆိုင်ရာ PR (အချိုးကျကိုယ်စားပြုစနစ်)အား ရှင်းလင်းခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ပြည်သူ(၂)ဦးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)