နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်းအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီတွင် ပါဝင်သည့်ဌာနများမှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတအဖွဲ့များအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (ခရိုင်အဆင့်) အမှတ်စဉ် (၃/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သဘာဝဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍ မရနိုင်သည့်အတွက် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများ ဟန်ချက်ညီညီ၊ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ သဘာဝဘေး လျော့ပါးရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များသည် တစ်ဦး တစ်ယောက်တည်းဆောင်ရွက်၍ရသည့် လုပ်ငန်းမဟုတ်သောကြောင့် အားလုံးပါဝင် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် အသိပညာ၊ ဗဟုသုတတွေကိုသိရှိပြီး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်း သက်သာအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှပို့ချ/ ဆွေးနွေးမှုများအား စိတ်ဝင်တစား ဂရုတစိုက် သင်ယူမှတ်သားလေ့လာပြီး ရရှိသည့်အသိပညာ၊ ဗဟုသုတအတွေ့အကြုံများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းများ တက်ရောက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ရာဒေသအသီးသီး၌ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သဘောတရားများကို ပိုမိုနားလည်သဘောပေါက်စေပြီး မိမိတို့ ဒေသအသီးသီးတွင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ချရေးနှင့် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည်ဖြစ်ပြီး ဘေးဒဏ်ကြံကြံခံနိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာစေရန် သင်တန်းပို့ချပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပရဟိတအဖွဲ့ တို့မှ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတက်ရောက်ကြပြီး အဆိုပါ သင်တန်းကို ဒီဇင်ဘာလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှု အယူအဆနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏ အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် သင်ခန်းစာများ၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ်စောင့်ရှောက်မှုများကို အဖွဲ့လိုက်ဆွေးနွေးခြင်းများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)